အမှန်တရားများနှင့်အတူ ပေါက်ဖွားလာသော ပွင့်ထွက်စကားသံများ
Blogger Templates

Tuesday, January 15, 2013

တစ်ဘက်သတ် ဘက်လိုက် ပြည်တွင်း မီဒီယာများ


 
ယခုရက်ပိုင်းအတွင်း မြန်မာပြည်ဦးခေါင်းပိုင်းဒေသတွင် ပြန်လည်ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့၏ တိုက်ပွဲများနှင့် မြန်မာတိုင်းရင်းသားများ၊ တပ် မတော်သားများ၊ ကချင်လူငယ်လေးများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု၊ နိုင်ငံတော်ပိုင် မီးရထားလမ်းများနှင့် မီးရထားများ ဆုံးရှုံးမှု၊ စစ်အတွက်နှစ်ဖက်စလုံးက အသုံးပြုသည့် လက်နက်များကြောင့်နိုင်ငံဘဏ္ဍာငွေ မြောက်များစွာဆုံးရှုံးခဲ့မှု၊ အပြစ်မဲ့ပြည်သူများ ဒုက္ခသည်များအဖြစ် အများအပြားပြောင်းလဲလာမှုအစရှိသည် တို့ကို တွေ့မြင်ကြားသိနေရသည်မှာ ၂၀၁၃ ခုနှစ် မင်္ဂလာနှစ်သစ်ကူးအတွက် စိတ်မ ကောင်း စရာ များဖြစ် ခဲ့ရပါသည်။


ထိုဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံကျကျသုံးသပ်အဖြေရှာပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် ကမ္ဘာတည်သရွေ့အတွန့်ရှည်နေထိုင်သွားနိုင်ရေး၊ မြန်မာ့မြေပုံလေး ကမ္ဘာ တည်သရွေ့မပျောက်ပျက်စေရေး၊ သံသယတွေဖျောက်ပြီး စစ်မြေပြင်တွင် ဖြေရှင်းခြင်းထက် ပေးဆပ်မှု အရင်းအနှီးနည်းပါးသော စားပွဲဝိုင်းပေါ်တွင်ဖြေရှင်းကြရန် တိုင်းရင်းသားပေါင်းစုံက ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီဝင်များ၊ လွှတ်တော်အတွင်းက ပြည်သူ့ကိုယ်စားလှယ်များက နည်းလမ်းပေါင်းစုံကိုကြံဆဖော်ထုတ်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရပါသည်။

ထိုကဲ့သို့သော အချိန်မျိုးတွင် ယခင်အစိုးရနှင့် လက်ရှိအုပ်ချုပ်သူ၊ တပ်မတော်နှင့် အာဏာရှင် အစရှိသည် တို့ကို ခွဲခြားဆန်းစစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုသော ရေးသားဖော်ပြချက်များအစား မိမိတို့ ခံစားချက်များနှင့် ဂျာနယ်ရောင်းရရေးကိုသာ ဦးစားပေးပြီး ဘက်လိုက်ဖော်ပြချက်များဖြင့် စတုတ္ထမဏ္ဍိုင်နှင့် သတင်းလွတ်လပ်ခွင့်ဟူသော အပြောအဆိုများကိုသာ တွင်တွင်အော်ကာ မိမိတို့သြဇာ အရှိန်အ၀ါ ရရှိအောင် ယခင်ခေတ်များက အာဏာရှင်များသဖွယ် သတင်းဆောင်းပါးများဖြင့် ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေပြီး အချင်းချင်းစိတ်ဝမ်းကွဲစေသော ပြောဆိုရေးသားလာကြသည်ကို Eleven Media Group နှင့် Voice ဂျာနယ်တို့တွင် ၀မ်းနည်းဖွယ်ရာတွေ့မြင်လာရပါသည်။

ကျွန်တော်သည် ဆရာဝန်တစ်ဦးမဟုတ်ပါ။ ကားပွဲစားတစ်ဦးလည်းမဟုတ်ပါ။ လွန်ခဲ့သည့်နှစ်အနည်းငယ်က SSC အထူးကုဆေးခန်းက ဆရာဝန်ကြီးတစ်ဦး ခွဲစိတ်ကုသရာတွင် ဂရုမစိုက်မှုကြောင့် ကလေးငယ်တစ်ဦးအသက်ဆုံးပါးခဲ့ရမှုတွင် တစ်ဖက်သားအပေါ်အလွန်အကျွံရေးသားပြီး မီးလောင် ရာလေ ပင့် အပူပေါ်အပူဆင့်ဖန်တီးခဲ့ခြင်း၊ SSC အထူးကုဆေးခန်း၏ ဂုဏ်သိက္ခာနှင့် စီးပွားရေး အရကျ ဆင်းစေရန်နှင့် ၄င်းတို့နှင့် မည်သို့ ပတ်သတ်မှန်းမသိသော အာရှတော်ဝင်အထူးကု ဆေးခန်း အပေါ်အသာ စီးရအောင် မီဒီယာအားကိုပြီး တိုက်ခိုက်ခဲ့ခြင်း၊ ယခင်အစိုးရလက်ထက် ကားပါမစ်များနှင့် ယခုအစိုးရ လက်ထက်တွင် ကားတင်သွင်းခွင့်ပါမစ်များယူကာ ကားရောင်းဝယ်ရေးနှင့် ကားဈေးကွက်ကို မိမိပိုင်ဆိုင်သောဂျာနယ်ပေါ်တွင် အကျိုးစီးပွားရှာကာ ဈေးကစားမှု၊ နိုင်ငံတော်သမ္မတကြီးက ပြည်သူ အများစု ကားစီးနိုင်ရေး အဆင်ပြေအောင် ပြင်ဆင်ပေးသောမူဝါဒများအပေါ် မိမိအကျိုးစီးပွားကိုအခြေပြုပြီး ဝေဖန်ခဲ့ခြင်း၊ အစရှိသည့် မီဒီယာနှင့် စတုတ္ထမဏ္ဍိုင်ကို အကြောင်းပြု ကိုယ်ကျိုးစီးပွားရှာသည်များသိရှိရ သည့်အပြင် မိမိလိုရာဆွဲပြီးရေးသားသောဆောင်းပါးများ၊ လက်ရှိအစိုးရအပေါ် အလွန်အမင်း တိုက် ခိုက်သော အပြုသဘောမဆောင်သည့် ကာတွန်းများရေးသားသောကြောင့် ဒေါက်တာသန်းထွဋ် အောင်ဦးစီးသည့် Eleven ဂျာနယ်အပေါ် ယုံကြည်မှုကင်းမဲ့သလို ဖတ်ရှုခြင်းပင်မရှိသလောက်နည်းပါးခဲ့ ပါသည်။

ကျွန်တော်သည် သတင်းဂျာနယ်များစွာကို ၀ယ်ယူဖတ်ရှုပြီး ထိုအချိန်ကတည်းက The Voice , Messenger, Hot News ဂျာနယ်တိုအပေါ် နှစ်ခြိုက်စွာဖြင့် အပတ်စဉ်မပျက်မကွက် ၀ယ်ယူဖတ် ရှုခဲ့ပါသည်။ အောင်ထွဋ် (ခ) ဒေါက်တာနေ၀င်းမောင်၊ လေသရဲတစ်ဦး၊ ဇေယျသူ၊ ပိုက်တင်၊ ဒေါက် တာနေဇင်လတ်၊ ဆရာကျော်ဝင်းတို့ရေးသားသော ဆောင်းပါးများဖတ်ရှုပြီး ဗဟုသုတနှင့် နိုင်ငံရေးရာ များကို မြောက်များစွာသိရှိခဲ့ရသဖြင့်လည်း ထိုဂျာနယ်များစွာကို အမြဲပင်ကျေးဇူးတင်ရှိလျက်ရှိပါသည်။ 

ယခုရက်ပိုင်းအတွင်း Eleven ဂျာနယ်၊ The Voice ဂျာနယ်များသည် ကချင်ပြည်နယ်အရေးကိစ္စများနှင့်ပတ်သတ်ပြီး သတင်းမှန်များနှင့် ကွဲလွဲစွာ ဘက်လိုက်ရေးသားနေမှုများကို ကချင်ပြည်နယ်တွင် ရှိသော မိတ်ဆွေသူငယ်ချင်းများ ၊တပ်မတော်တွင် ကချင်ပြည်နယ်သို့သွားရောက်တာဝန်ထမ်းဆောင်နေသော သူငယ်ချင်း များထံမှ သိရှိရမှုများအရ ဘက်လိုက်ရေးသားနေသည်ကိုလည်း ကိုယ်တိုင်ကြားသိတွေ့ရှိနေရပါသည်။

နိုင်ငံတော်က ချီးမြှင့်သည့်ဆုများကို ယူခြင်း၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိလူကြီးများရှေ့တွင် တအား ရိုသေလုပ်ကိုင်ခြင်းတို့ကိုပြုလုပ်ပြီး ကွယ်ရာတွင် အုပ်ချုပ်သူများ၏လုပ်ရပ်များကို ပစ်ပယ်ပြီး လူပြိန်းကြိုက် ရှုတ်ချနေသူများသည် မီဒီယာလောကထဲတွင်ရှိနေသည်မှာလည်း တိုင်းပြည်နှင့် မီဒီယာလောကအတွက် ရင်လေးစရာပင်ဖြစ်ပါသည်။ 

သတင်းမီဒီယာအလုပ်သည် သိမ်မွေ့နက်နဲပါသည်၊ ခက်ခဲကြမ်းတမ်းပါသည်၊ သတင်းတစ်ပုဒ် စာမျက် နှာထက်ဖတ်ရှုရခြင်း အမှန်တကယ်သတင်းတန်ဖိုးနားလည်သည့် အယ်ဒီတာများသိရှိပါသည်။ တတ်ယောင်ကားနှင့် ဟိတ်ဟန်လုပ်သည့် အယ်ဒီတာများကြောင့် သတင်းအမှန်များပျောက်ကွယ်မှေးမှိန် တတ်ပါသည်။ 

ယနေ့အချိန်အခါ မြန်မာ့နိုင်ငံရေး ပြောင်းလဲချိန်တွင် သတင်းမီဒီယာများအနေဖြင့် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သူတို့က လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ၊ ကန့်သတ် ပိတ်ပင် ထားသည်ဖြစ်စေ၊ စာဖတ်သူပြည်သူများအတွက် အမှန်သတင်းကို မပျက်မကွက် ရယူပေးဆပ် တင်ပြရမည် သာဖြစ်ပါသည်။ အမှန်တရားကို သစ္စာပြုပြီး ပုဂ္ဂိုလ်စွဲ ၊ ၀ါဒစွဲကင်းစွာဖြင့် အဖြစ်မှန် ကြုံတွေ့ ခဲ့ရခြင်းများကို ရေးသားခြင်းဖြင့် မိမိတို့ ပြည်သူလူထုနှင့် နိုင်ငံတော်အပေါ် မပျက်ယွင်းသော သစ္စာများဖြင့် လျှောက် လှမ်းနိုင်ရေး ပြုပြင်ဆောင်ရွက်သွားကြပါရန် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment